လှိုင်းဘွဲမြို့နယ်အတွင်း ထုံးဖိုလုပ်ငန်းလုပ်ကိုင်ကြသူများအတွက် ပြည်တွင်းစျေးကွက်၌ ထုံးဝယ်ယူမှုမြင့်မားနေ

လှိုင်းဘွဲ ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာနှင့် တဝန်ဖန်ရကျေးရွာတို့၌ ထုံးဖုတ်လုပ်ငန်း လုပ်ကိုင်နေကြသူများနှင့် အလုပ်သမားများ၊ ထုံးအရောင်း၊ အဝယ် စီးပွားရေး လုပ်ကိုင်နေကြသူများအနေဖြင့် ပြည်တွင်းစျေးကွက်၌ ထုံးအိတ်များ တင်ပို့ရောင်းချရမှု အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ထုံးဖိုလုပ်ငန်းများကို ကြီးကြပ်ပေးရသူ ကိုအောင်ကြီးက ထုံးဖို (၁) ဖိုလျှင် ထုံးကျောက် ၈ ကျင်းဖို၊ ၉ ကျင်းဖိုစသည့် ကျင်းများရှိကြောင်း၊ ထုံးကျောက်များကို ထုံးမှုန့်ဖြစ်လာစေရန်အတွက် မြေကျင်း၌ (၅) ရက်ခန့် မီးဖုတ်ပေးရကြောင်း၊ လေဝင်၊ လေထွက်မရှိစေရန် မြေအုတ်၊ ရွံ့စေးများဖြင့် လုံအောင် ပိတ်ရကြောင်း၊ ထုံးဖိုတစ်ဖိုလျှင် လူ (၈) ဦး၏ လုပ်အားလိုအပ်ပါကြောင်း ရှင်းပြပေးသည်။

ထုံးဖိုပိုင်ရှင်များက ထုံးများကို မိုးရေမစိုစေရန်အတွက် အင်ဖက်အမိုး၊ အကာများဖြင့် လုံအောင် ကာရံပေးရပြီး ထုံးမှုန့်များကို ထုံးဖိုများမှ အမိုးအကာတဲ၌ သိမ်းဆည်းခြင်း၊ အိတ်အတွင်း ထည့်ချုပ်ခြင်း၊ ကားပေါ် အတင်၊ အချလုပ်ခြင်း၊ လုပ်ငန်းများကို နေ့စားဝန်ထမ်း အလုပ်သမားများဖြင့် လုပ်ကိုင်နေကြပြီး ဝယ်ယူသူများ၏ မှာယူမှုအပေါ်တွင် မူတည်၍ ၅ ပိဿာ၊ ၈ ပိဿာ၊ ၁၅ ပိဿာ၊ ၂၀ ပိဿာအိတ်များအတွင်း ထည့်သွင်းချုပ်လုပ်ပေးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေကြောင်း ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် ဧရာဝတီတိုင်းနှင့် အခြားတိုင်းဒေသနှင့် ပြည်နယ်များကို တင်ပို့ရောင်းချပေးလျက်ရှိကြောင်း၊ မွေးမြူရေးငါးကန်နှင့် ပုဇွန်ကန်များအတွင်း အသားစားငါးများ ဖြစ်သည့် ငါးရံ့၊ ငါးခူ၊ ငါးတန်၊ ငါးအိုက်စသည့် ငါးမျိုးစိတ်များ ဝင်ရောက်နေထိုင်မှု မရှိစေရေး အတွက် မွေးမြူရေးငါး၊ ပုဇွန်သားပေါက်များ မထည့်သွင်းမီ ကန်အတွင်းသို့ ထုံးမှုန့်များထည့်၍ ကန်သန့်ရှင်းရေးလုပ်ငန်းများ လုပ်ကိုင်ကြရကြောင်း၊ နွား၊ ဝက်၊ ကြက်၊ ငုံး စသည့်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များမှ တိရစ္ဆာန်များ၊ ရောဂါပိုးမွှားများ ကင်းရှင်းစေရန်နှင့် အနံ့ဆိုးများ သက်သာစေရန်အတွက် ထုံးမှုန့်များ အသုံးပြုကြ သည့်အပြင် စိုက်ပျိုးရေးသမားများက လယ်ယာ၊ ဥယျာဉ်ခြံမြေများရှိ မြေများပြုပြင်ကြချိန်တွင် ထုံးမှုန့်များ အသုံးပြုကြသဖြင့် ထုံးအရောင်းအဝယ်လုပ်ငန်းမှာ ပုံမှန်လုပ်ကိုင်နေရလျက်ရှိပြီး နေ့စားနေ့တွက်ခများအနေဖြင့် လုပ်သားများအား (၁) ရက်လျှင် ကျပ် (၇၀၀၀) မှ (၁၀၀၀၀) ကျပ်အထိ ကျွမ်းကျင်မှုပေါ်မူတည်၍ လုပ်ခလစာများ ရှင်းပေးရကြောင်း၊ ထုံးဖုတ်ရာတွင် ထင်းဝယ်ယူရမှုအခက်အခဲ အနည်းငယ်ကြုံတွေ့ရမှုများရှိကြောင်း ထုံးဖိုလုပ်ငန်းရှင်များက ရှင်းပြပေးခဲ့သည်။

လင်းသန့်(ပြန်/ဆက်)