ဝေါ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က အ.ထ.က (ဝေါ) သီရိဇေယျာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(ဝေါ) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်က အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အားဇာနည် (၉) ဦး၏ ကိုယ်ရေးရာဇဝင်အချက်များအား ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးလွင်က ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် ဗိုလ်ချုပ်၏ရင်တွင်းခံစားချက်ဖြစ်သည့် စာပေနှင့်အနုပညာ ခံစားချက်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေး ဗိသုကာစာအုပ်ပါ အကြောင်းအရာများအား ကျောင်းသား/ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ရည် ကလေးကဗျာများစာအုပ်ဖြင့် ကဗျာရွတ်ပြိုင်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးရာဇဝင်အချက်များနှင့် မိန့်ခွန်းများအကြောင်း ဝေဝေဆာဆာ ဖော်ပြထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)