တောင်တွင်းကြီး ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိကြသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စာအုပ်၊ စာပေနှင့် ရင်းနှီးစေရန်၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသော ယှဉ်ပြိုင်လိုစိတ်များ ရှိစေရန်နှင့် အာဇာနည်နေ့အကြောင်း လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ပညာရေးဌာနနှင့် ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးတို့အား ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade (5)ကျောင်းသူ မသွန်းရတီဇော်လင်းက ပြန်လည် သရုပ်ပြရွတ်ဆိုပြသခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်မိသားစု မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)