ရှမ်းရွာသစ် ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းမှ ဦးစောဌေးရီက အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှုဆိုင်ရာ အကြောင်းအရာများနှင့် ဗိုလ်ချုပ်ဆောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ အသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)