ဘုတ်ပြင်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များပြသ

ဘုတ်ပြင်း ဇူလိုင် ၁၈

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀) နာရီအချိန်က အ-ထ-က ဘုတ်ပြင်းကျောင်းစာကြည့်တိုက်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် အ-ထ-က ကျောင်းအုပ်ဆရာကြီး ဒေါ်လှအေးက ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အထက်တန်းပြဆရာမ ဒေါ်ချိုချိုစန်းမြန်မာ တစ်မျိုးသားလုံအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကိုလည်းကောင်း၊ အလယ်တန်းပြ ဆရာမ ဒေါ်မြမြမိုးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအထ္တုပ္ပတ္တိများအားလည်ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဖြူဖြူသိန်းက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးခြင်း၊ နံရံစာစောင်နှင့် စာအုပ်စာစောင်များဖြင့် အသိပညာပေးဆောင်ရွက်မှုများအား ပြောကြားသည်။

ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်(၉)ဦး၏ အထ္တုပ္ပတ္တိအကျဉ်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက် နံရံကပ်စာစောင်များ၊ ကဗျာများ၊ စာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)