ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၈
ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်ပိုင်း အချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါအာဇာနည်နေ့ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှု အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အမည်များ နိုင်ငံတော်အား ၎င်းတို့၏ ကြိုးစားလုပ်ကိုင်ဆောင်ရွက်ခဲ့မှု သမိုင်းဝင်မှတ်တမ်း အကြောင်းအရာများအား ကျောင်းသား/ကျောင်းသူများ မှတ်သားသိရှိနိုင်စေရေးအတွက် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးပြောကြားပြီး ၎င်းဌာနမှ ထုတ်ဝေသည့် ရေးဘေးပညာပေး လက်ကမ်းစာစောင်များအား ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါအာဇာနည်နေ့ ဟောပြောပွဲအပြီး၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ မှတ်တမ်းဓာတ်ပုံများပါဝင်သည့် လေ့လာမှတ်သားဖွယ် နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ခင်းကျင်းပြသခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး