ရှမ်းရွာသစ်မြို့တွင် “စိုက်ပျိုးရေးနည်းလမ်းကောင်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းရွာသစ် ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် “စိုက်ပျိုးရေးနည်းလမ်းကောင်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အသင်းမှ အဖွဲ့ဝင်ဦးစည်သူမျိုးမှ စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှသည် မိသားစုဝင်ငွေတိုးခြင်း၊ နိုင်ငံတော်၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ ကျေးလက်နေစိုက်ပျိုးထုတ်လုပ်သော ဒေသနေ ပြည်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာများကို ကဏ္ဍအလိုက် စုစည်းဖော်ပြခြင်းဖြစ်သောကြောင့် ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များက ဆလတ်ပင်စိုက်ပျိုးခြင်း၊ တစ်သက်သာပျော်လိုလျှင် ဥယျာဉ်ခြံစိုက်ပါနှင့် သင်္ဘောပင်စိုက်ပျိုးနည်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)