နတ်မောက် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အနေဖြင့် မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ပြည်သူလူထုအသိပညာပေး ပိုစတာကို ယမန်နေ့နံနက် (၉)နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့တွင် မြို့နယ်ဦးစီးမှူး ဒေါက်တာခင်ခင်ပြည့်နှင့် ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးလုပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ စိုက်ထူခဲ့သည်။ ထို့နောက် ဒေါက်တာခင်ပြည့်ပြည့်နှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက မြို့ပေါ်ရပ်ကွက်များတွင် မွေးဖြူထားသော ကျွဲနွားများကို ပေါင်ပုတ်လက်ပုတ်နှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးများထိုးနှံခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ရောဂါများစူးစမ်းရှာဖွေထောက်လှမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေါက်တာခင်ခင်ပြည့်နှင့်ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးလုပ်သားများအဖွဲ့သည် ဝက်မွေးမြူရေးခြံများသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုမြှင့်တင်ပေးခြင်း၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ကာကွယ်ဆေးများထိုးခြင်း၊ ပြည်သူလူထုအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ရောဂါသံသယဖြစ်ဖွယ် တိရစ္ဆာန်များတွေ့ရှိပါက တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပေးပို့ နိုင်ပါကြောင်း သိရသည်။
လှဝင်း