လိပ်သိုမြို့တွင် ရေလှောင်ကန်(၃)လုံး တည်ဆောက်ပြီးစီး၍ သောက်သုံးရေ ဖြန့်ဖြူးရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေ

လိပ်သို ဇူလိုင် ၁၈

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် လိပ်သိုမြို့တွင်း ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော သောက်သုံးရေလှောင်ကန် (၃)လုံးအား တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်၍ ရေဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင် ကထက် ပိုမိုလွယ်ကူအဆင်ပြေလာလျက်ရှိရာ နွေရာသီ ရေလျော့နည်းချိန်တွင် အဆိုပါ ရေလှောင်ကန်များမှာ မြို့တွင်းရေပြတ်လပ်မှု မဖြစ်ပေါ်ရေး ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်သောကြောင့် စိမ့်စမ်းရေများကိုသာ အဓိကထား အသုံးပြုနေရ၍ အဆိုပါ သောက်သုံးရေလှောင်ကန် များကို ရေဖြန့်ဖြူးရာတွင် အဆင်ပြေလွယ်ကူနိုင်မည့် အသင့်​လျော်ဆုံးသော နေရာများတွင် တည်ဆောက်ပေးထားကာ ရေကန်၏အလျားမှာ ၁၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေဖြစ်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်  ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၉၉ သိန်းဖြင့် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သို (ပြန်/ဆက်)