ရှမ်းရွာသစ် ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်းမှ ဦးစောဌေးရီမှ မြန်မာတစ်မျိုးသားလုံးအတွက် နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဇူလိုင်လ (၁၉)ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျ အတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် ယနေ့ခေတ်လူငယ်၊ လူရွယ် ကျောင်းသား/သူများ အနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ် ကိန်းအောင်းနေစေရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများ အာဇာနည်နေ့နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ "၁၉ဇူလိုင်မမေ့နိုင်"ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီဆွဲပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဌာမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)