မင်းလှမြို့၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပပြုလုပ်

အထက်မင်းလှ  ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်းလှအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းမှာ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းသိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဟောပြောပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်အလယ်တန်းပြဆရာမ ဒေါ်စန်းသီတာအေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိသမိုင်းကြောင်းအားလည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်နန္ဒာတင်က အာဇာနည်ကိုးဦး၏အကြောင်းအားလည်းကောင်း အသီးသီးဟောပြောခဲ့သည်။ 

အဆိုပါ ဟောပြောပွဲသို့ မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

ဇာဇာ(အထက်မင်းလှ)