သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့်စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင် ထွက်ပါက လူတိုင်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသောအခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင်လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စောမင်းသား(ပြန်/ဆက်)