သရက်မြို့၌  အခမ်းနားမှူး သင်တန်းဖွင့်လှစ်

သရက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းနားမှူးသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။

အဆိုပါသင်တန်းတွင် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက အခမ်းနားမှူးသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားရာမှာ အခမ်းနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများ၊ သတ္တိ၊ သတိ၊ သိတတ်ခြင်းနှင့် ဆောင်ရန်/ရှောင်ရန်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသွားခဲ့သည်။

အခမ်းအနားအပြီး သင်တန်းဆက်လက်ပို့ချရာတွင် ခန်းမတွင်း အခမ်းအနားဆောင်ရွက်ခြင်းနှင့် ခန်းမပြင်အခမ်းအနားဆောင်ရွက်ရာ၌ အခမ်းနားတစ်ခုတွင် အခမ်းနားမှူး၏ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ မှားတတ်သည့် သဒ္ဒါအထားအသိုနှင့် အသုံအနှုန်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းနားမှူး ဆောင်ရန်/ရှောင်ရန်များ အသံပိုင်းဆိုင်ရာနှင့် မိုက်အသုံးပြုမှုတို့ကို ပို့ချ၍ လက်တွေ့သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းသင်တန်းသူ (၂၀ဦး) တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)