ကော့ကရိတ် ဇူလိုင် ၁၈
ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် သုတရသစာအုပ်များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လှူဒါန်းပွဲတွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့မှ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မြို့နယ်အတွင်း စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် အတွင်း ရေးမှူး ဦးတင်မောင်စိန်က စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဖြစ် သည် Book review များ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားသည်။
ထိုနောက် စာကြည့်တိုက်များအတွက် သုတရသစာအုပ်(၂၀၀)အုပ် ပေးအပ်လှူဒါန်းရာ ကော့ကရိတ်မြို့နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမန်းတင့်မော်နှင့် ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်တို့က လက်ခံရယူကြသည်။ ယင်းလှူဒါန်းရရှိသောစာအုပ်များကို ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များနှင့် ပြည်သူ့စာကြည့်တိုက်သို့ ဆက်လက်လှုဒါန်းသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင်များ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ BookClub အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)