ထားဝယ်မြို့တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြော

ထားဝယ်   ဇူလိုင်  ၁၈

တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ယမန်နေ့ညနေပိုင်းတွင် ထားဝယ်မြို့၊ ရှမ္မတွင်း ကျေးရွာ၌ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်မွေးမြူရေးကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာဝင်းဗိုလ်က ကျေးရွာသူ/သားများအား ကျွဲ/နွားများတွင်ဖြစ်ပွားတတ်သောခွာနာလျှာနာရောဂါ အရေပြားအကျိတ်နာ ရောဂါနှင့်ဝက်များတွင်ဖြစ်ပွားသော အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအားရှင်းလင်း ဆွေးနွေးဟောပြောသည်။

ထို့နောက် မွေးမြူရေးကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက ရောဂါဖြစ်ပွားမှု၊ သေနှုန်းနှင့်ကုသခြင်းများအကြောင်း၊  အခြားမှားယွင်းနိုင်သောရောဂါများနှင့်ရေဂါဖြစ်ပွားမှုနောက်ခံသမိုင်းအကြောင်း၊ ရောဂါဖြစ်ပွားသည့်အရင်အမြစ်များနှင့် ရောဂါလက္ခဏာများအကြောင်း၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းအကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းထွန်းက စိုက်ပျိုးရေးအကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍တာဝန်ရှိသူများက မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုအတွက် ပိုးသတ်ဆေးများဖျန်းပေးခဲ့ကြောင်းသိရသည်။

ရွှေပင်လယ်(ထားဝယ်)