ကျိုက်လတ် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၁၅၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၆၀၀)ဦးအောင်မြင်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် (၅၁.၉)ရာခိုင်နှုန်းရှိကြောင်း၊ ယခု အ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူ (၁၇၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၁၄)ဦး အောင်မြင်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် (၆၄.၄၁)ရာခိုင်နှုန်းရှိကြောင်း ယခုကျောင်းသည် မြို့နယ်ဂုဏ်ဆောင်ကျောင်း တစ်ကျောင်းလည်းဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ဝိပ္ပံဘာသာတွဲတွင် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး၌ အမှတ်အများဆုံး ပထမရရှိသည့် ငါးဘာသာဂုဏ်ထူးရှင် မောင်အောင်မင်းခန့်မှာ ယခု အ.ထ.က(၁)ကျောင်းမှ ကျောင်းသား တစ်ဦးဖြစ်ပြီး သိပ္ပံဘာသာတွဲ၌ နဝမရရှိသော ငါးဘာသာဂုဏ်ထူးရှင် မဆုဆုစန္ဒီသည်လည်း ယခုကျောင်းမှဖြစ်ကြောင်းတို့ကို အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးဆန်းအောင်က ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများကို ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ငါးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၄)ဦး တို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ (အ.ထ.က)ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)