ဝန်းသို စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း CERP အစီအစဉ်အရ Cash For Work စီမံကိန်းကို ကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ သဖန်းဆိပ်ကျေးရွာတွင် Cash For Work စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ဖြင့် ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်းအသုံးပြုပြီး ၆၀ရာခိုင်နှုန်းကို လုပ်အားခ ပေးချေသည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းခွဲများအားလုံးရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
"ကျနော်တို့ရွာက ရွာဟောင်းနှင့် ရွာသစ်နှစ်ပိုင်းရှိပြီးတော့ အိမ်ခြေ(၁၀၂)အိမ် ၊ လူဦးရေ (၅၁၆)ဦး ရှိပါတယ်၊ အိမ်ထောင်စု လူဦးရေများပြားလာသည့်အတွက် ရွာသစ်ကုန်းပိုင်းမှာ တိုးချဲ့နေထိုင်လာကြတယ်၊ ရွာသစ်ကုန်းပိုင်းမှာ ရွာတွင်းလမ်းများကို ပြုပြင်ထားမှုမရှိသေးဘူး၊ ရေနှုတ်မြောင်းတွေလဲ မရှိသေးတော့ ရေစီးရေလာမကောင်းဘူး၊ မိုးတွင်းဆိုဗွက်တွေက နှစ်တိုင်းပဲ၊ ကျောင်းပို့ဖို့ ကလေးတွေအတွက် အရမ်း အခက်အခဲဖြစ်ကြရတယ်၊ အခု Cash For Work စီမံကိန်းနဲ့ လမ်းတွေအားလုံးပြင်ပြီး ရေစီးရေလာကောင်းဖို့ လိုအပ်တဲ့နေရာတွေမှာ ကွန်ကရစ်ရေပြွန်တွေ/ သစ်သားရေမြောင်းတွေလုပ်နိုင်ခဲ့တဲ့အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်လာသည့်အပြင် ကျနော်တို့ကျေးရွာသူ၊ ကျေးရွာသားတွေ အလုပ်ဝင်လုပ်ကြတော့ နေ့စဉ်ဝင်ငွေ လည်းရကြတယ်၊ အခုလိုစီမံကိန်းချပေးတဲ့ ကျေးလက်ဦးစီးဌာနကို အများကြီးကျေးဇူးတင်ပါတယ်ဗျာ"ဟု ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဦးက ပြောသည်။
သဖန်းဆိပ်ကျေးရွာတွင် အဆိုပါစီမံကိန်းထောက်ပံ့ငွေဖြင့် အရှည်ပေ ၄၀၀၀ ကျော်၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ရွာတွင်းလမ်းကိုဂျင်းမြေခင်းပြီး ကျောက်မုန့်ထပ်ပိုးခင်းခြင်းလုပ်ငန်း၊ အကျယ်တစ်ပေခွဲ၊ အနက်တစ်ပေခွဲရှိ လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ရေပြွန်(၃)စင်း တည်ဆောက်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် လိုအပ်သောနေရာများတွင် သစ်သားရေမြောင်း(၂) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းလုပ်ငန်းခွဲများနှင့် နေ့စဉ် လုပ်အားခပေးချေမှုမှတ်တမ်းစာအုပ်၊ နေ့စဉ်လုပ်သား စာရင်းချုပ်၊ အပတ်စဉ်နှင့် လစဉ်လုပ်ငန်းဆောင်ရွက် မှုအစီရင်ခံစာစာရင်းဇယားများစသည့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို ယမန်နေ့က မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်းတာဝန်ခံ ဒေါ်အိမွန်ဟိန်းနှင့် တာဝန်ရှိသူများက လုပ်ငန်းအပြီး သတ်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)