ဘားအံ ဇူလိုင် ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၂၅) နှစ်အောက် ကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ် ကွက်၊ ပဒုံမာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ပြိုင်ပွဲမှ ထူးချွန်ထက်မြတ်သည့် ကြက်တောင်ရိုက် အားကစားသမားများကို ကရင်ပြည်နယ် လက်ရွေးစင်အဖြစ် ရွေးချယ်ပြီး ဘားအံမြို့တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်၍ ရန်ကုန်မြို့တွင် ဩဂုတ်လအတွင်း ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ အနိုင်ရရှိရေးကို ပြိုင်ပွဲသတ်မှတ် စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
အဆိုပါ ပြိုင်ပွဲကို မြို့နယ်(၇)မြို့နယ်မှ အမျိုးသား၊အမျိုးသမီးပြိုင်ပွဲဝင်အသင်း ၇ သင်းက ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကြက်တောင်အားကစားဝါသနာရှင်များက ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)