ဘားအံ ဇူလိုင် ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ကရင်ကျောင်းသားများ ရိပ်သာကြီးကြပ်ရေးကော်မတီ၊ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်းသားများရိပ်သာ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာ စကားပြောကြားပြီး ကရင်ကျောင်းသားများ ရိပ်သာကျောင်းအုပ်ဆရာမကြီးက ရိပ်သာနှင့်ပတ်သက်သော အချက်အလက် များကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ကြီးကြပ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦးအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၅၄ သိန်းကျော်ရှိ ဆန်အိတ် ၁၀၀၊ ဆီ ၁၀၀ ပိဿာ၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask ၅၀၀၀ ခု၊ ငါးခြောက် ၂၅ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ကရင်ကျောင်းသားများ ရိပ်သာကြီးကြပ်ရေးကော်မတီဝင်များက လက်ခံ ရယူသည်။
ထို့နောက် ကရင်ကျောင်းသားများ ရိပ်သာမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး စွမ်းအားမြင့် Booster ထိုးနှံပေးရန်နှင့် အသက်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားကာ ကရင်ကျောင်းသားများ ရိပ်သာမှ ဆရာ၊ဆရာမ ၂၅ ဦးအတွက် ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်၍ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)