နတ်တလင်းမြို့နယ်၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

နတ်တလင်း ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးတိရစ္ဆာန်များ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအိဝေကျော်နှင့် ဝန်ထမ်းများ၊ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့ဝင်များဖြင့် ကွင်းဆင်း၍ မွေးမြူရေး တိရစ္ဆာန်များတွင် ခွာနာလျာနာရောဂါ၊ အရေပြားအကြိတ်နာရောဂါနှင့် အာဖရိက ဝက်အပြင်း ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါများကို စူးစမ်းထောက်လှမ်းခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့နယ်ရုံးတွင် အသိပညာပေး ပိုစတာများစိုက်ထူခြင်း၊ တောင်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအား ရောဂါထိန်းချုပ်ရေးဆိုင်ရာ သဏ္ဍာန်တူလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့အတူ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သာယာကုန်းကျေးရွာအုပ်စုနှင့် ချောင်းခွကျေးရွာအုပ်စုများသို့ ရက်သတ္တပတ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ အိဝေကျော် ထံမှသိရသည်။

ဝေယံဖြိုး