ဟိုင်းကြီးကျွန်းမြို့၌ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦးများနှင့် စျေးများ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့်ဌာနဆိုင်ရာများ ကြည့်ရှုစစ်ဆေး

 

ဟိုင်းကြီးကျွန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦးများနှင့် စျေးများ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့နံနက်(၁၀)နာရီအချိန်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦးများနှင့် စျေးများသို့သွားရောက်ကာ လျှပ်စစ်ဝါယာရှော့ကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှုအခြေအနေများ၊ လျှပ်စစ်ပစ္စည်းများသုံးစွဲမှုအခြေအနေများနှင့် မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦးများနှင့် စျေးများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လျှပ်စစ်မီးအသုံးပြုမှုအား LED မီးများဖြင့် အစားထိုးပြောင်းလဲတပ်ဆင်အသုံးပြုနိုင်ရေး အစီအစဉ်များ၊ LED မီးများအစားထိုး ပြောင်းလဲတပ်ဆင်ပါက သက်သာသွားမည့် လျှပ်စစ်ဝန်အားတို့နှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်၊း ပြန်/ဆက်)