ပွင့်ဖြူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အာဟာရဒါနအဖြစ် စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဒါနအဖြစ် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးရာတွင် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းက ရေပုတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းနှင့် ရပ်မိရပ်ဖများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျေးရွာရှိ ဆင်းရဲနွမ်းပါးသော အသက်(၇၀)နှစ်အထက် သက်ကြီးဘိုးဘွား(၄)ဦးအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းတန်ဖိုးရှိ ဆန်၊ ဆီ ၊ ဆားနှင့် မီးဖိုချောင်သုံးစားကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆံရစ်ဝိုင်းထားသိုမှုဓလေ့ကို ဘိုးစဉ်ဘောင်ဆက် တန်ဖိုးထားထိန်းသိမ်းသည့်ကျေးရွာတစ်ရွာဖြစ်ကာ အိမ်ခြေ ၆၅၀ ရှိပြီး၊ လူဦးရေ ၃၀၀၀ ကျော်ရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး