ဆီးကျောက်တည်ရောဂါအကြောင်း သိကောင်းစရာ စာတမ်းဖတ်ပွဲကို ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ ပြုလုပ်

ဖြူး ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တိုင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးဆရာ အသင်းတို့ပူးပေါင်း၍ ဖြူးမြို့နယ်တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်  (Continuing Traditional Medical Education(CTME) Programme)ဖြင့် ဆီးကျောက်တည်ရောဂါအကြောင်း သိကောင်းစရာများအား စာတမ်းဖတ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာမဒေါ်မေနှင်းကပြုလုပ်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းက ဆီးကျောက်တည်ရောဂါအကြောင်း သိကောင်းစရာများအား စာတမ်းဖတ်ကြားရာတွင် ဆီးကျောက်တည်ရောဂါနှင့်ပတ်သက်၍ ရည်ရွယ်ချက်၊ ရောဂါအမည်နှင့်အဓိပ္ပါယ် သတ်မှတ်ချက်၊ ဆီးကျောက်တည် ရောဂါအမျိုးအစား၊ ဆီးကျောက်တည်ရောဂါဖြစ်ရသည့်အကြောင်းအရင်းနှင့် အသက်အရွယ်အပိုင်းအခြား၊ စားသောက်သည့်အစားအစာများ၊ ရောဂါလက္ခဏာနှင့် ရှေ့ပြေးဖြစ်ပေါ်သည့် လက္ခဏာများ၊ ရောဂါကုထုံနှင့် ဆောင်ရန်ရှောင်ရန် စသည့်အချက်များအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများ၊ ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဝန်ထမ်းများ၊ ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ၊ လူနာရှင်ပြည်သူများ၊ တိုင်းရင်းဆေးကို စိတ်ပါဝင်စားသည့် ပြည်သူများက စာတမ်းဖတ်ကြားခဲ့သည့် ဆီးကျောက်တည်ရောဂါနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)