အုတ်တွင်းမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်

အုတ်တွင်း ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာသင်းသဥ္ဇာနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းအချိန် ဘုရားနှစ်ဆူကျေးရွာအုပ်စု နတ်ရေတွင်းကျေးရွာတွင် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ကျေးရွာနေမွေးမြူသူများအား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များဖြန့်ဝေကာ၊ တိရစ္ဆာန်မွေးမြူထားသည့်နေရာများအား မွေးမြူရေးခြံသုံးပိုး သတ်ဆေးများဖျန်းခြင်း၊ ကျေးရွာရှိ တိရစ္ဆာန်များအား ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူထားသည့် တိရစ္ဆာန်များ၏ ကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု အသိပညာပေးပိုစတာများ စိုက်ထူခြင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရောဂါ စူးစမ်းထောက်လှမ်းခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့အား အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)