ငဖဲမြို့ချင်းစုရပ်ကွက်တွင် ပန်ဖူးစားပြောင်းများစိုက်ပျိုးရောင်းချပြီး မိသားစုပုံမှန်ဝင်ငွေရရှိ

ငဖဲ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်မှ တောင်သူများအနေဖြင့်မြို့၏အရှေ့ဘက်ရှိ လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် ဆည်ရေကို အသုံးပြု၍ ဟင်းသီးဟင်းရွက်များနှင့် ပန်ဖူးစားပြောင်းများကို ရာသီအလိုက် စိုက်ပျိုး ရောင်းချပြီး မိသားစုပုံမှန်ဝင်ငွေရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးထွန်းထွန်းလေးထံမှ သိရသည်။

ကျွန်တော်စိုက်ပျိုးတဲ့ပြောင်းမျိုးက ပါဖယ်ဝှိုက်မျိုးဖြစ်ပြီး ပြောင်းဖူးစေ့ ၅၀၀ ဂရမ် ၁ထုတ်ကို ငွေကျပ် ၂၀၀၀၀ ခန့်ပေးရကြောင်း၊ အပင်ကို ကြားကြောင်းဆွဲပြီး အစေ့ချစနစ်နဲ့ ပင်တန်းကြား ၂ပေခွဲ၊ အပင်ကြား ၁၂ လက်မအကွာ ကြားချပြီးစိုက်ပျိုးကြောင်း၊ အပင်ရက်သား ၂၀ မှာ ဘောင်လုပ်၊ရေသွင်း၊ အပင်သန်နဲ့ မြေဇာကျွေး ဆေးဖြန်းခြင်းများဆောင်ရွက်ပေးရကြောင်း၊ ယခုအခါမန်းဆည်မှ နွေစပါးများအတွက် အောင်ရေပေးဝေနေဆဲကာလဖြစ်သည့်အတွက် အထူးရေသွင်းနေစရာမလိုပဲ အဆင်ပြေနေကြောင်း၊ ပြောင်းပင် စတင်စိုက်ပျိုးရက်မှ ၃ လခန့်ရောက်လျှင် ခူးချိုးလို့ရကြောင်း၊ မိမိ၏လယ်မြေ တစ်ဧကမှာ ပြောင်းပင်ပေါင်း နှစ်သောင်းခန့်စိုက်ပျိုးထားပြီး နှစ်ပတ်လည်အနေဖြင့် လခြားပြီး နှစ်ကြိမ်စိုက်ပျိုးကြောင်း၊ ဝမ်းစာအတွက် မိုးစပါးကို တစ်ကြိမ်သာစိုက်ပျိုးပြီး စပါးပြီးပါက ပြောင်း၊ ငရုတ်၊ ခရမ်းချဉ်၊ သခွား၊ တိုင်ထောင်ပဲများကို ရာသီအလိုက်စိုက်ပျိုးရောင်းချကြောင်း၊ ပြောင်းခင်းတစ်ဧကလျင် ရင်းနှီးငွေကျပ် သုံးသိန်းခွဲခန့် ကုန်ကျပြီး ပြောင်းဖူးတစ်ဖူးလျှင် ငွေကျပ် ၂၀၀ နှုန်းရောင်းရ၍ အသားတင်ရှစ်သိန်းခန့်ရရှိကြောင်း၊ ပန်ဖူးစားပြောင်းကို နှစ်စဉ်မပျက် စိုက်ပျိုးရောင်းချရာ အဆင်ပြေ၍ ခုတ်ပြီးသားပြောင်းပင်များကို နွားစာအတွက် တစ်ဧက အခင်းပြတ် ငွေကျပ် ၂၅၀၀၀ ခန့်ရောင်းရလို့ စီးပွားရေးတွက်ခြေကိုက်အဆင်ပြေကြောင်း ချင်းစုရပ်ကွက်မှ ပြောင်းစိုက်ပျိုးသော တောင်သူ ဦးထွန်းထွန်းလေးက ပြောကြားသည်။

ငဖဲမြို့နယ်တွင် ပန်ဖူးစားပြောင်းများကို မြို့မရပ်ကွက်၊ ချောင်းဖြူ၊ နယ်ဇော၊ အိုးမြေတွင်း၊ ဇီးတော၊ ပေါင်းကလေး၊ ပန်းထိမ်း၊ ဆင်ချည်တိုင် စသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြ၍ တစ်မြို့နယ်လုံးအနေဖြင့် ပန်ဖူးစားပြောင်း စိုက်ဧက (၇၀)ကျော် ရှိကြောင်း သိရသည်။

မယု(ငဖဲ)