ကျောင်းကုန်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘဝရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းကုန်းဧည့်မှူး သို့မဟုတ် ငှက်တစ်သောင်းအတွက် သစ်တစ်ပင်စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ဘဝရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က ဒီနေ့ဟာ ကျွန်မရဲ့ခင်ပွန်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့်တဲ့ရက်မှာ ခင်မင်သူများ ရဲ့ လွမ်းဆွတ်မှုစာစု အထိမ်းအမှတ် စာအုပ်လေးတစ်အုပ်ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ငယ်သူငယ်ချင်းလည်းဖြစ်၊ ကဗျာရေးဖော်၊ စာရေးဖော်လည်းဖြစ်တဲ့ ဆရာ မောင်ရင့်မာ(ကျောင်းကုန်း)က မိသားစုမှစာအုပ်လေးထုတ်ချင်တယ် ဆိုလာတဲ့အတွက် တည်းဖြတ်ပေးခဲ့ကြောင်း၊ ကျောင်းကုန်းဧည့်မှူးဟာအများနှင့်သက်ဆိုင်သူ တစ်ယောက် ဖြစ်ကြောင်း ယုံကြည်လေးမြတ်စွာနဲ့ ယခုဒီစာအုပ်ကို စီစဉ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆရာကြီး လေးကိုတင်၊ကဗျာဆရာ တိုးဝေ၊ မြစ်ဝကျွန်းပေါ်မောင်လှမှူး၊ ပန်းတနော် သိန်းအေး၊ မင်းဝေမှူး၊ ကိုမြင့်အောင်၊ ကိုဆန်းမြင့်တို့က လွမ်းဆွတ်ခြင်း အမှတ်တရများ အသီးသီးပြောကြားသွားခဲ့ကြသည်။
ကျောင်းကုန်းဧည့်မှူးဟာ (၁၆.၇.၂၀၂၁) ရက်နေ့ မှာ ကွယ်လွန်ခဲ့ကြောင်း၊ ယနေ့ဟာ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်ဖြစ်ကြောင်း၊ ကျောင်းကုန်းဧည့်မှူးဟာ ကဗျာဆရာ၊ စာရေးဆရာ ဘဝနဲ့ ငယ်စဉ်ကတည်းက ရပ်ရွာဒေသနဲ့ အများသူငှါအကျိုးကိုစိတ်ရောကိုယ်ပါ ထမ်းရွက်သယ်ပိုးခဲ့သူဖြစ်ကြောင်း၊ ပညာရေးလောကဝင်ခဲ့တော့လည်း သူ့ဝန်းကျင်နယ်ပယ်ကို သူစွမ်းသမျှ စိမ်းလန်းစေခဲ့သူဖြစ်ကြောင်း မောင်ရင့်မာ(ကျောင်းကုန်း)က ပြောသည်။
စာအုပ်မိတ်ဆက်ပွဲအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပြီး၊ စာအုပ်တွင်ချစ်သူ၊ လွမ်းသူ၊ တန်ဖိုးထားသူများအားစာအုပ်နှင့် အထိမ်းအမှတ်လက်ဆွဲအိတ်တို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)