ဆင်ပေါင်ဝဲ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ စစ်လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများက ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သိုလှောင်ထားသော သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့်ရေစည်ရေအိုးများအား ဖုံးအုပ်ပေးခြင်း၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးအတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ခြင်လောက်လန်းတွေ့သောရေကို နောက်အိုးတစ်အိုးသို့ရေစစ်၍ လဲလှယ်ပြောင်း ထည့်ခြင်းများကို တစ်လမ်းဝင်တစ်လမ်းထွက် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ် ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)