ကော့သောင်းမြို့တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကော့သောင်း ဇူလိုင် ၁၇

၂၀၂၂ ခုနှစ် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အစီအစဉ်အရ ကော့သောင်းခရိုင်နှင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲနွားမွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူများအသိပညာရရှိစေရန်ရည်ရွယ်၍ ကျွဲ၊ နွားအရေပြားအကျိတ်နာ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်မှုတွင် ကော့သောင်းခရိုင်နှင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဇော်ထွန်းက ကျွဲ၊နွားများတွင်ဖြစ်ပွားတတ်သည့် ကျွဲ၊နွားအရေပြား အကျိတ်နာရောဂါနှင့် ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံပုံနှင့် ရောဂါ ကာကွယ်ရန်နည်းလမ်းများအား အသိပညာပေးဟောပြောခြင်း၊ ကျွဲ၊နွားအရေပြား အကျိတ်နာရောဂါ ကာကွယ်ထိန်းချုပ်ရေး နံရံကပ်ဗီနိုင်းပိုစတာကြီးများ ပြည်သူများသတိပြုနိုင်ကြစေရန် အသိပေးချိတ်ဆွဲခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား လိုက်လံဝေငှခြင်း စသည့်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး