အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာတွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလှုပ်ရှားမှုဆောင်ရွက်

အိမ်မဲ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလှုပ်ရှားမှုကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်က နွားများတွင်ဖြစ်ပွားတတ်သော ခွာနာလျှာနာရောဂါနှင့် အရေပြားအကျိတ်နာရောဂါတို့ကိုလည်းကောင်း၊ ဝက်များတွင်ဖြစ်ပွားတတ်သောအာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည့်အခြေအနေများကို အကျယ်တဝင့်ဆွေးနွေး ဟောပြောပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းအဖွဲ့ (အဖွဲ့စိတ်) ၏သရုပ်ပြလေ့ကျင့်ခြင်း၊ ကျွဲ၊နွား ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးလက်ကမ်းစာဆောင်များဖြစ်သော တိရစ္ဆာန်ကျန်းမာရေးနှင့် လူနေမှုဘဝမြှင့်တင်ဖို့ခွာနာလျှာနာရောဂါ ကင်းစင်သည်အထိ ဆောင်ရွက်ကြစို့၊ အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease) အကြောင်း သိကောင်းစရာများ၊ ကြိုတင်သတိပြုစရာ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကဝက်အပြင်းဖျား ရောဂါတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဆင်တိုးကျေးရွာမှ ပြည်သူများတက်ရောက်ဆွေးနွေးလေ့လာခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်