သာပေါင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မြို့ပေါ်အမှတ်(၁)ရပ်ကွက်၊ ကျွန်းကလေးလမ်း မျက်နှာချင်းဆိုင်အိမ်များ အိမ်စိတစ်လျောက်၊ ကန္နားလမ်းမ တစ်လျောက်နေအိမ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွား ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)အုပ်ချုပ်ရေးမှူး ဦးသက်မြင့်နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ကျန်းမာရေးဌာနမှ ဦးရဲဇော်ထွန်းPS၊ဒေါ်မေဒေးဝင်းMW၊ ဒေါ်ပြည်ဖြိုးလှိုင်PHs 2 ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteerတို့က နေအိမ်များရှိ ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင် များတွင် ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း