ကန့်ဘလူ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးတိရစ္ဆာန်များ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာကျော်ဝင်း၊ မြို့နယ် ဦးစီးမှူးဒေါက်တာမြတ်လင်းနှင့် ဝန်ထမ်းများ၊ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့ဝင်များဖြင့် ကွင်းဆင်း၍ မွေးမြူရေးတိရစ္ဆာန်များတွင် ခွာနာလျာနာရောဂါ၊ အရေပြားအကြိတ်နာရောဂါနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါများကို စူးစမ်းထောက်လှမ်းခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့နယ်ရုံးနှင့် မလယ်တိုက်နယ်တွင် အသိပညာပေးပိုစတာများစိုက်ထူခြင်း၊ တောင်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအား ရောဂါထိန်းချုပ်ရေး ဆိုင်ရာ သဏ္ဍာန်တူလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ ဇီဝလုံခြုံရေးလုပ်ငန်းများအနေဖြင့် မွေးမြူရေးခြံများကို ပိုးသတ်ဆေးဖြန်းခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းများကို ကမ်းဖြူကျေးရွာအုပ်စု စိန်နားကျေးရွာနှင့် နတ်ပေးကျေးရွာ အုပ်စု ငါတို့ကျေးရွာများသို့ ရက်သတ္တပတ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ကန့်ဘလူမြို့နယ်တွင် ကျန်ကျေးရွာများသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဌာနဝန်ထမ်းများနှင့် တိရစ္တာန်ကျန်းမာရေး လုပ်သားများဖြင့် ဖွဲ့စည်းထားသော အရေးပေါ်တုံ့ပြန်ရေး အဖွဲ့များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)