ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ပေါက်ခေါင်း ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ‌အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်က ဟောပြောပွဲနှင့် ပြပွဲများကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိဖြိုးက မမေ့အပ်သော အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းနှင့် အရှေ့မကွေအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်ဦးမှ အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဟောပြောပွဲ တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်း ပြသထားသော သုတ၊ ရသစာအုပ်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သော မှတ်တမ်းဓာတ်ပုံများပါရှိသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)