မြောင်းမြမြို့တွင် စားသုံးသူရေးရာ ဦးစီးဌာနက စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြောင်းမြ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စားသုံးသူရေးရာဦးစီးဌာနက စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ခရိုင်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်ဦး‌စီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့က စားသုံးဆီ  ဖြန့်ဖြူးရောင်းချ သည့် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များအား Food Grade  ပေပါများ ရာနှုန်းပြည့်အသုံးပြုရန်၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ကုန်အညွှန်း ဖော်ပြချက်နှင့် ပြည့်စုံရန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ (၁/၂၀၂၂) အား လိုက်နာဆောင်ရွက်ရန်နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေပါလုပ်ငန်းရှင်များ လိုက်နာရမည့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို မြောင်းမြမြို့နယ်အတွင်းရှိ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်၊ လုပ်ငန်းရှင် စုစုပေါင်း ၁၃ ဦးတက်ရောက်ကြောင်းသိရပြီး စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးဆီများ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချမှု ရှိစေရန်အတွက် ဆိုင်များအရောက် သွားရောက်စစ်ဆေးခြင်း၊ တွေ့ဆုံရှင်းလင်း ဆွေးနွေးပွဲများ ပြုလုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်ဆက်