ရွှေတောင် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန့်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်မေသဇင်က မုန်တိုင်းဘေးအန္တရာယ်အကြောင်း ဟောပြောခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ငလျင်ဘေး၊ ဆူနာမီ ဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးစသည့် ဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်နှင့် သိရှိလိုက်နာ ဆောင်ရွက်ကြရမည့် အချက်အလက်များကိုဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူ များနှင့် လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့အကျိုးပြု ပြည်သူ့ဝန်ဆောင်လုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)