(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ဇီးကုန်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ၌ ယနေ့နေ့လည်  ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက အာဇာနည်နေ့အကြောင်း၊ အာနည်ခေါင်းဆောင် (၉)ဦး၏အတ္ထုပ္ပတ္တိနှင့် အခမ်းအနားကျင်းပပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲအား “အာဇာနည်နေ့နှင့် လူငယ်တာဝန်”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အ.မ.က ( ပေပင်စု) ကျောင်းမှ ကျောင်းသား ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယတတိယဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်မြတ်ကေခိုင်နှင့် တာဝန် ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ