မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ (၆၆) ကြိမ်‌မြောက် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

မုံရွာ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌  မုံရွာမြို့နယ် စာရေးဆရာများနှင့် မြို့နယ်  စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်းပြီး (၆၆)ကြိမ်မြောက် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည် ။

စာဖတ်ဝိုင်းသို့  မုံရွာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ ဆရာ ဦးညွန့်စိုး(ရွှေရည်စိုး)၊ ဆရာဦးဖေသန်း(နေမင်းသန်း)တို့နှင့်အတူ စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များ ဖြစ်ကြသော မောင်နေညို (ပုလဲ)၊ ယဉ်မေခင်(မုံရွာ)၊ မဉ္ဇူသက (မုံရွာ) ယဉ်မျိုးနုတင်(မုံရွာ)၊ မြတ်သုတ (မြန်မာစာ)နှင့် စာပေဝါသနာရှင် စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ကြပြီး  မဲခေါင်စာပေဆုရ စာရေးဆရာ နေမင်းသန်း ရေးသားထုတ်ဝေသည့် ဆည်းဆာရတနာ ကဗျာ ၁၀၀ စာအုပ်နှင့် ပတ်သက်၍ ဖတ်မှတ်လေ့လာ ထားရှိသည်များကို  ဦးဆောင် ဆွေးနွေးသူများ၊ တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆည်းဆာရတနာ ကဗျာ ၁၀၀ စာအုပ်သည် ဆရာနေမင်းသန်း၏ စတုတ္ထမြောက် လုံးချင်း ကဗျာစာအုပ် တစ်အုပ်ဖြစ်ပြီး ကဗျာ ပုဒ်ရေ ၁၀၀ ပါဝင်ကာ  မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်  ချင်းတွင်းဂုဏ်ရည စာပေတိုက်ထုတ်ဝေထားကြောင်း၊ ပါမောက္ခ ဒေါက်တာဇော်ထွန်း (ဇော်ထွန်း)က အင်္ဂလိပ်ဘာသာ ပြန်ဆို ပေးထားပြီး မြန်မာကဗျာပါအကြောင်းအရာများ ကောင်းမွန်သည့်အလိုက် ဘာသာပြန်ဆိုသူ ကောင်းမွန်မှုကြောင့် ကဗျာရသ စာရသ ကို ပိုမိုခံစားရသည့် စာအုပ်တစ်အုပ်‌ဖြစ်ကြောင်း စာဖတ်ဆွေးနွေးပွဲပြုလုပ်သူများထံမှ သိရသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ ရက်သတ္တ ၂ ပတ်လျှင် တစ်ကြိမ် စနေနေ့တိုင်း စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့အချိန်ထိ (၆၆)ကြိမ်မြောက် စာဖတ်ဝိုင်း ပြုလုပ်နိုင်ခဲ့ကြောင်း သိရပြီး စာဖတ်ဝိုင်းအပြီးတွင် ဆရာနေမင်းသန်းက မုံရွာခရိုင်အတွင်းရှိ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်များနှင့် ညိုမြတို့ရွာစာကြည့်တိုက်၊ မုံရွာ စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်တို့အတွက် စာအုပ်များပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

 ခရိုင် (ပြန်/ ဆက်)