ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုငွေပေးအပ်

မုံရွာ ဇူလိုင် ၁၅

၂၀၂၂ ခုနှစ်   ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဂုဏ်ပြုငွေချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကိုယ်စား၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း‌ ဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ၊  နည်းပြများ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အစီအစဉ်အရ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အားကစားကဏ္ဍမြှင့်တင်ခြင်းဟာ နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်တည်ဆောက်နေခြင်းပဲဖြစ်ပါကြောင်း၊ နိုင်ငံနှင့်လူမျိုးရဲ့ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေတယ်ဆိုတဲ့ ခံယူချက်၊ အမျိုးသားရေးအမြင်တို့ဖြင့် ယှဉ်တွဲ၍ နိုင်ငံတော်အနေဖြင့် အထူးအားပေး ချီးမြောက်လျက်ရှိပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း စည်းကမ်းတကျဖြင့် မိမိတိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင်နိုင်အောင် ညီညီညွတ်ညွတ် ကြိုးပမ်းသွားကြရန် လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၉) နှစ်အောက် အမျိုးသား ဘောလုံးအသင်းနည်းပြ ဦးကျော်သူဝင်းက အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့်  အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအတွက် ဂုဏ်ပြုထောက်ပံ့ငွေနှင့် အောင်နိုင်ရေးအလံတို့ကို ပေးအပ်ရာ နည်းပြနှင့်တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

 အသက်(၁၉) နှစ်အောက်စစ်ကိုင်း တိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းအနေဖြင့် ၂ဝ၁၈ ခုနှစ်ကကျင်းပခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် ပထမ တံခွန်စိုက်ဖလား ရယူနိုင်ခဲ့ပြီး ယခုနှစ်တွင် အောင်ပွဲများဆွတ်ခူးရရှိရေးအတွက် ၂ဝ၂၂ ခုနှစ်မေလ ၂၅ ရက်နေ့မှစ၍ စခန်းသွင်း လေ့ကျင့်ထားရှိရာ စုဖွဲ့မှုအင်အားကောင်းများနှင့်အတူ အောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိနေပြည်တော်တွင် ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အသက် ၂၅ နှစ်အောက် (အမျိုးသား၊အမျိုးသမီး) ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ နှစ်ယောက်တွဲအဖွဲ့လိုက် ရွှေတံဆိပ်ဆုနှင့် အမျိုးသားသုံးယောက်တွဲ အသင်းလိုက် ငွေတံဆိပ်ဆုရရှိထားပြီး အမျိုးသား သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

မြင့်နိုင်စိုး( ထီးလှိုင်မြေ )