တမူးမြို့တွင် ပျိုးသက်နု ကောက်ကွက်ကျဲ (SRI)နည်းစနစ်ဖြင့် မျိုးသန့် မျိုးစေ့ထုတ် စပါးစိုက်ပျိုး

တမူး ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မကွင်း အမှတ် ၂၅၅(B) ရှိ တောင်သူ ဦးစိုးနိုင် ဦးပိုင် အမှတ်(၉၄)လယ်မြေတွင် ပျိုးသက်နုကောက်ကွက်ကျဲ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် မျိုးသန့် မျိုးစေ့ထုတ်စပါး စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ စိုက်ပျိုးရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦး ကပျိုးသက်နု ကောက်ကွက်ကျဲ စိုက်ပျိုးနည်း(SRI) စနစ်ဖြင့် မိမိဒေသနှင့် ကိုက်ညီသည့်  မည်သည့်စပါးမျိုးမဆို စိုက်ပျိုးနိုင်ပြီး ကျန်းမာသန်စွမ်းသော အပင်များ ဖြစ်ပေါ်စေသည့်အတွက် စပါးအထွက်နှုန်း ကောင်းမွန်စေပြီး ဤနည်းဖြင့် မြေ၊ အရင်းနှီး၊ လုပ်အားခနှင့် ရေတို့ အကန့်အသတ်ရှိသူများအတွက် အကျိုးအမြတ် အများဆုံး ရရှိစေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကြီးကြပ်ရေး စီမံကော်မတီဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ပျိုးသက်နု ကောက်ကွက်ကျဲစနစ်ဖြင့် စိုက်ပျိုးရာတွင်  တစ်ဧက နို့ဆီဗူး (၁၂) ဗူးဖြင့်သာ ပျိုးကျဲ စိုက်ပျိုးရသဖြင့် မျိုးစေ့ကုန်သက်သာခြင်း၊ ပျိုးသက်(၁၂)ရက်ဖြင့်သာ စိုက်ပျိုးရသဖြင့် အချိန်ကုန် သက်သာစေခြင်းနှင့် အထွက်နှုန်း ကောင်းစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ကြောင်း၊ ပျိုးသစ်နု ကောက်ကွက်ကျဲစနစ်ကို ရေသွင်း ရေထုတ် လွယ်ကူသည့် လယ်မြေများတွင် စိုက်ပျိုးနိုင်ပါက ပိုမိုအဆင်ပြေစေမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရတနာ