၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသင်းအုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

ပဲခူး ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း က ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသင်းအုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ဘောလုံးအားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာ့ဘောလုံးအားကစားကို အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တယ်ဆိုတာကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးမှ အာရှလက်ရွေးစင် အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ဘောလုံးအားကစား အဆင့်အတန်းသည် တချိန်သောကာလက အောင်မြင်မှုများစွာ ရရှိခဲ့သော တိုင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ ယခင်ကလို အောင်မြင်မှုများရရှိစေရန်နှင့် ဘောလုံးအားကစားနည်း ပြန်လည် ဦးမော့လာစေရေး ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲများကျင်းပပေးခြင်း၊ လူငယ်များအား ဘောလုံးအခြေခံ၊ အဆင့်မြင့်သင်တန်းများ သင်ကြားပေးခြင်းနှင့် နည်းပြ/ဒိုင်သင်တန်းများ ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် သတ်မှတ်ထားသည့်ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာပြီး အားကစားသမားကောင်းများ ထားရှိရမည့် အနိုင်မခံအရှုံးမပေးစိတ်၊ အကောင်းဆုံး စုဖွဲ့မှုတို့ဖြင့် တံခွန်စိုက်ဆုဖလားရရှိအောင် အစွမ်းကုန်ကြိုးစားပြီး ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကိုမြှင့်တင်ပေးကြရန် လိုအပ်ကြောင်း လမ်းညွှန်ဩဝါဒအမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မှ တိုင်းဒေသကြီးလက်ရွေးစင် အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူထံသို့ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း (၂၀)အား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်မှ ပဲခူးတိုင်းဒေသကြီးလက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်း စခန်းသွင်းလေ့ကျင့်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)