ချောင်းဦး ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြား၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲ၊ ဆုပေးပွဲများ ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ သုံးရက်ဆက်တိုက် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပြန်ဆက်တို့ ပူးပေါင်းပြီး ဇူလိုင်လ ၁၃ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်ငြိမ်းမွန်အား ဖိတ်ကြား၍ အာဇာနည်နေ့အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ Talk Show ကျင်းပကာ အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးခဲ့သည်။ ဇူလိုင်လ ၁၄ရက် ယမန်နေ့ နံနက် ၁၀နာရီမှ ညနေ ၃နာရီ အချိန်အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ မူလတန်းအဆင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ၄၀ ဦး၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ၂၃ ဦး၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ၁၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအသီးသီးမှ ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၁၀နာရီ အချိန်၌ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၅ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူသုံးဦး ရွေးချယ်ခဲ့ကြာင်း သိရသည်။
ယနေ့နံနက် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲအသီးသီးအတွက် ဆုချီးမြှင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်နှင့် ဒုမြို့နယ်ပညာရေးမှူး၊ မြို့နယ်လဝကမှ လဝကမှူး ဦးမြင့်သူ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာမောင်ငြိမ်းမွန်နှင့် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းမှ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၂ဦး၊ နှစ်သိမ့်ဆု ရရှိသူ ၂ဦးအား တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ စာရေးဆရာအသင်းဥက္ကဋ္ဌတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြို့နယ် ပြန်ဆက်ဦးစီးဌာနတွင် ပြသထားသော အာဇာနည်နေ့နှင့် သက်ဆိုင်သည့် စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား အခမ်းအနားသို့ တက်ရောက်လာကြသူအားလုံးမှ စိတ်ဝင်တစား ကြည်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)