ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆု ချီးမြှင့်

ပွင့်ဖြူ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေ အသိပညာ တိုးပွားစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ် ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ပွင့်ဖြူမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော်က အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်တင်တင်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ဆွေးနွေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းမှ ကျောင်းသား ကျောင်းသူ(၉)ဦးက (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်ပုဂ္ဂိုလ်ကြီး(၉)ဦး၏ အကြောင်းကို အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက (၇၅)နှစ်မြောက် အာဇာနည်နေ့ ကျောင်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်မှတ်နှင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)