ကြံခင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက တိုင်းရင်းသားရိုးရာ ရှမ်းအစားအစာ ဆန်စီးခေါက်ဆွဲ ချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အမျိုးသမီးများ အိမ်တွင်းမှုအဟာရ ချက်ပြုတ်စီမံရာတွင် အစားအစာစုံလင်စွာ ချက်ပြုတ်တတ် စေရန်၊ အားလပ်ချိန်တွင် အိမ်တွင်းစီးပွားရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသား အစားအစာတစ်မျိုးဖြစ်သော ရှမ်းဆန်စီး ချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထိုနောက် အင်းဓနုလူမျိုး သင်တန်းဆရာမ ဒေါ်သျှီနဒီကျော်က ရှမ်းဆန်စီးချက်ပြုတ်နည်း၊ တွဲဖတ် စားသုံးရသည့် အစားအစာနှင့် ဆန်စီးနှင့် ပေါင်းစပ်ပါဝင်မှု အချိုးအစားများကို လက်တွေ့သင်ပြခဲ့ရာ Women Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာသင်ယူခဲ့ကြသည်။ သင်တန်းကို ဇူလိုင်လ (၁၅) ရက်နေ့ ၊ နံနက်(၁၀)နာရီမှ(၁၂)နာရီထိ ဖွင့်လှစ်သင်ကြားပေးကြောင်းသိရသည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ ၊ Talk Show အစီအစဉ်များ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်စသည့် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)