ကန့်ဘလူ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ ၁၀ နာရီခွဲက ကျင်းပရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က. ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်အကြောင်းကို ဟောပြောပြီး၊ ဦးစီးအရာရှိဒေါ်ကြည်ဆန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် စာအုပ်စာပေများကို ပို၍ဖတ်ရှုကြရန်နှင့် ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် စာကြည့်တိုက်အသင်းဝင်ပြီး စာအုပ်စာစောင်များ လာရောက်ဖတ်ရှုငှားရမ်းနိုင်ပုံများကို ဟောပြောခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ စာအုပ်စာ စောင်များကို ခင်းကျင်းပြသပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကာ ပြသငှားရမ်းပေးထားသော စာအုပ်များကိုလည်း ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုခဲ့ကြသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)