ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၅

ပျော်ဘွယ်မြို့နယ်ရှိ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးသူ စောဒေးဗစ် ရေးသားသည့် ဗစ်မှတ်၏ ဗဟိုချက် စာအုပ်အားစာဖတ်ဝိုင်းကျင်းပခြင်းကို ဇူလိုင်လ(၁၅)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက စာရေးသူ စောဒေးဗစ်၏ ဗစ်မှတ်၏ ဗဟိုချက် စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်တစ်ကျောင်းသူတစ်ဦးက ယခုစာအုပ်သည် အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရှင်းလင်းတဲ့ ပန်းတိုင်ထားရှိဖို့၊ အာရုံစူးစိုက်လုပ်ဆောင်တတ်ဖို့နဲ့ အချင်းချင်းပေါင်းသင်းဆက်ဆံရေးက အရေးကြီးပုံ၊ နားထောင်တတ်ခြင်း၊ မေးခွန်းမေးတတ်ခြင်းကို မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ရှုမြင်တတ်ခြင်းစသည့် အမူအကျင့်များမှာ အောင်မြင်မှုတစ်ခုအတွက် အရေးကြီးကြောင်း စသည်တို့ကို တွေ့မြင်ရသည့်အတွက် အောင်မြင်မှုအတွက် အတုယူရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)