စလင်း ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် နိုင်ငံတော်စီမံချက်ဖြစ်သည့် EID စနစ်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခွင့်ရှိသူများနှင့် ပုံစံ(၆၆/၆)(ဃ)တွင် ပါဝင်သူများ မှတ်တမ်းရေးသွင်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် ယမန်နေ့နံနက်ပိုင်းက အစည်းအဝေးကျင်ပပြုလုပ်ခဲ့သည်။
ထိုသို့အစည်းအဝေး ဆောင်ရွက်ပြုလုပ်ရာတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးနှင့် ဖိတ်ကြားထားသည့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးတင်အေးက EID စနစ်ဖြင့်နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခွင့်ရှိသူများနှင့် ပုံစံ(၆၆/၆)(ဃ)တွင်ပါဝင်သူများ မှတ်တမ်းရေးသွင်းနိုင်ရေးအတွက် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်း ကျင်ဝန်ထမ်းများနှင့် အကူဝန်ထမ်းများကို ဇူလိုင် ၁၅ ရက်နေ့မှ သြဂုတ်လ ၂၉ရက်နေ့အထိ စနေ၊ တနင်္ဂနွေနေ့ရုံးပိတ်ရက်များ ပါစေလွှတ်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ အစည်းအဝေးတွင် သိရှိလိုသည်များကိုလည်း ဌာနဆိုင်ရာများမှ ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)