သာယာဝတီ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)တို့ ပူးပေါင်း၍ စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း (GW-11) စပါးမျိုး၊ မျိုးစေ့ထုတ် စံပြစိုက်ခင်းတွင် ယနေ့နံနက် ၉ နာရီက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲကို စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)၏ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံတောင်သူများအား လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ၊ ထယ်ရေး၊ ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းအားအချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သရုပ်ပြပွဲသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိုက်ပျိုးရေးဆိုင်ရာမေးမြန်းမှုများအပေါ် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးဝင်းသန့်နှင့် မြို့နယ်ဦးစီးမှုး ဦးအောင်သူတို့က ပြန်လည်ဖြေကြား ဆောင်ရွက်ပေးခဲ့သည်။
သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်၊ မြို့နယ်ဦးစီးမှုး ဦးအောင်သူနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ကျောင်းအုပ်များ၊ ဌာနမှုးများ၊ ဆရာ၊ ဆရာမများနှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအနီး ပတ်ဝန်းကျင်ရှိ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
သာယာဝတီခရိုင်အတွင်း၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက (၅၁၆၀၈၅)ဧက လျာထားခဲ့ရာ (၅၁၇၃၆၃)ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)