ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

ပေါက်ခေါင်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်  ၁၀ နာရီအချိန်က ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး (Talk Show) အစီအစဉ်တွင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က အွန်လိုင်းမှတဆင့် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် အရှေ့မကွေအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်ဦးက မမေ့အပ်သောအာဇာနည်နေ့အကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံလွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ရပုံများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာရပုံ သမိုင်းအကြောင်းအရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အွန်လိုင်းစနစ်ဖြင့် ပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ လစဉ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများ အကျိုးပြုမည့် ဗဟုသုတအသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)