ဆင်ပေါင်ဝဲ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယမန်နေ့က အမှတ်(၁)ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များတွင် စားသုံးရန်မသင့်သည့် အချိုရည်များနှင့် အချဉ်ပေါင်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် သောက်သုံးရန်မသင့်သည့် F-4 တံဆိပ်ပါ စပရိုက်အချိုရည်၊ နာနတ်သီးအချိုရည်၊ F-4တံဆိပ်ပါ သီးစုံဖျော်ရည်၊ သံပရာအချိုရည်၊ လိမ္မော်သီးအချို ရည်များနှင့် စားသုံးရန်မသင့်သည့် မန်းနီးဂွေးသီးပေါင်း၊ ပင်မှည့်သရက်စပ်၊ အရီးလေးတော်ဖီ၊ ပင်မှည့်မန်ကျည်းယို၊ ဌေးဌေးသစ်သီးယိုစုံများအား ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မရောင်းချရန် ပညာပေးပြောကြားခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဦးနှင့် တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များရှိ စားသုံးကုန်ရောင်းချနေသော ဆိုင်များကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)