ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအကြောင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

အုတ်ဖို ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် တိရစ္ဆာန်များတွင် ရောဂါကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ အကြောင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ ဇူလိုင်လ ၁၇ ရက်နေ့အထိ  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအဲလစ်ဇဘတ်ဝင်းရှိန်က တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သည့် ခွာနာလျှာနာရောဂါ၊ ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျား ရောဂါများနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး တိရစ္ဆာန်အစာပင် (နေဗီယာ)မြက်များစိုက်ပျိုး၍ လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် မွေးမြူရေးလုပ်ငန်းမှ တစ်ဖက်တစ်လမ်း ဝင်ငွေများရရှိစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ကျေးလက်နေပြည်သူများအား မွေးမြူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျွဲနွားများတွင် ခွာနာလျှာနာရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်သူ