သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

သရက်ချောင်း  ဇူလိုင်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲများကို  ယနေ့နံနက် (၁၀) နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် "နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထား တတ်စေရန်ရည်ရွယ်၍ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောဆွေးနွေးခဲ့ သည်။

ထို့နောက် ခင်းကျင်းပြသထားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်း ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရစကားများ၊ အာဇာနည် (၉) ဦးသမိုင်း အကြောင်းအရာများနှင့် အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီးကြောင်း သိရသည်။

သားကြီး (သရက်ချောင်း)